၂၀၁၇ခုနှစ်အတွင်းမှာစိုးရိမ်ပူပင်တာ၊ပင်ပန်းနွမ်းနယ်တာ၊လွှမ်းမိုးခံရတယ်လို့ အောက်မေ့တာတွေကိုရပ်ဆိုင်းကာသင့်လုပ်ငန်းမှာထူးချွန်ပြောင်မြောက်တဲ့စွန့်စားခန်းအတွက်ဘဝရဲ့အခွင့်အလမ်းတွေကို ထွေးပွေ့လက်ခံဖို့ စတင်ပြီး နေ့စဉ်သင်စိတ်ချမ်းသာအောင်ကူညီလမ်းပြပံ့ပိုးပေးမယ့် စာအုပ်ရှစ်အုပ်ကို ဖော်ပြပေးလိုက်ပါတယ်။တစ်နည်းအားဖြင့်ပြောရရင်ဒီစာအုပ်တွေကသင့်ဘဝကို ပြောင်းလဲသွားစေပါလိမ့်မယ်။
ဒီစာအုပ်ထဲမှာဟားဗတ်ဆေးတက္ကသိုလ်မှစိတ်ပညာရှင် Susan ကစာဖတ်သူတွေအနေနဲ့ ကိုယ့်ခံစားချက်တွေကို ကြောက်ခြင်း၊ချုပ်တည်းနှိပ်ကွပ်ခြင်း၊ဒါမှမဟုတ်ချက်ချင်းလက်တွေ့လုပ်ခြင်းပြုမယ့်အစားခံစားချက်တွေကိုသုံးသပ်ဆင်ခြင်ဖို့ သင်ကြားပေးပါတယ်။သင့်ရဲ့ပုဂ္ဂိုလ်ရေးတန်ဖိုးတွေအကြောင်းအရေးကြီးတဲ့သတင်းအချက်အလက်ကိုသင်တူးဆွနိုင်ရင် ပြည့်ဝတဲ့ဘဝကိုသင်ဖန်ဆင်းဖို့ အကူအညီရပါလိမ့်မယ်။စာဖတ်သူတွေဟာကလေးတစ်ယောက်နဲ့ စကားပြောသလိုမျိုးသူတို့ဘာသာစကားပြောရမယ်လို့လည်း Susan ကသင်ပေးပါတယ်။သင်စိတ်ဆိုးတဲ့အခါ၊ဒါမှမဟုတ်ဝမ်းနည်းတဲ့အခါ၊ဒါမှမဟုတ်ဘာပဲဖြစ်နေနေ ''ငါ့ခံစားချက်အတွက်တခြားရွေးချယ်မှုနှစ်ခုကဘာတွေလဲ'' လို့ သင့်ဘာသာ ပြန်မေးပါတဲ့။ ယေဘုယျအားဖြင့်သင်စိတ်မချမ်းသာတဲ့အခါစိတ်ချမ်းသာအောင်သင့်ဘာသာဇွတ်လုပ်ယူပါ။မဟုတ်ရင်အနုတ်လက္ခဏာခံစားချက်တွေကိုသင်ဘာမှအကဲမဖြတ်ဘဲလက်ခံချင်ပါလိမ့်မယ်။သင်ကတင်းခံလေအဲဒီအနုတ်လက္ခဏာခံစားချက်တွေကပိုအားကောင်းလေ ဖြစ်လာမှာကြောင့်ပါပဲ။
ဖလော်ရီဒါတက္ကသိုလ်မှစိတ်ပညာရှင် Ericsson ကဒီစာအုပ်မှာဘယ်လုပ်ငန်းနယ်ပယ်မဆိုအတော်ဆုံးဖြစ်ဖို့ လမ်းကြောင်းတစ်ခုပဲရှိတယ်ဆိုတဲ့စိတ်ကူးအတွက်သိပ္ပံနည်းနဲ့ ပုံတိုပတ်စအထောက်အထားတွေချပြထားပါတယ်။ Ericsson နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကဆင်ခြင်ပြုမူပြောဆိုလေ့ကျင့်နည်းအရသင်သက်သောင့်သက်သာနေမယ့်အစားလက်ရှိသင့်လုပ်နိုင်စွမ်းကို ကျော်လွန်တဲ့လှုပ်ရှားမှုတွေလုပ်ဖို့ လမ်းပြမယ့်ဆရာတစ်ယောက်နဲ့ လက်တွဲခိုင်းပါတယ်။ပင်ကိုစွမ်းရည်နဲ့ မျိုးဗီဇဆိုင်ရာအကြောင်းတရားတွေဟာသင့်ရဲ့တိုးတက်မှုနဲ့ တစ်နည်းနည်းအကျိုးအကြောင်းဆက်စပ်နေတယ်လို့ Ericsson ရဲ့စောဒကတက်မှုဟာတကယ်အငြင်းပွားစရာအပိုင်းဖြစ်ပါတယ်။အဲဒါကိုစိတ်ပညာရှင်တချို့ကလက်မခံကြဘူး။ Peak မှာပဟေဠိအဆန်ဆုံးအပိုင်းက လေ့ကျင့်မှုဟာ ပျော်စရာကောင်းဖို့ မလိုကြောင်း Ericsson ရဲ့ ထောက်ပြချက်ဖြစ်ပါတယ်။သင်ပျော်နေရင်သင်လုပ်နေတာတွေလွဲနေသေးလို့ပဲတဲ့။သူဆိုလိုတာကသင်ရှုံးနိမ့်ပြီးမကျေမချမ်းဖြစ်မှဘာပဲဖြစ်ဖြစ် နောက်တစ်ခါသင်ထပ်ကြိုးစားမှာ ဖြစ်ပါတယ်။
စာရေးသွက်တဲ့စာရေးဆရာမ Laura ရဲ့ဒီစာအုပ်ဟာသင့်အချိန်တွေကိုစီမံခန့်ခွဲဖို့နဲ့ အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကိုဖန်တီးဖို့ အကောင်းဆုံးနည်းလမ်းတွေကိုစုံစမ်းထောက်လှမ်းထားတာ ဖြစ်ပါတယ်။ Laura ဟာ Mosaic Project ဆိုတဲ့စီမံကိန်းနဲ့လစာအများဆုံးရတဲ့အမျိုးသမီးဒါဇင်ပေါင်းများစွာရဲ့အချိန်မှတ်တမ်းတွေကိုအကဲခတ်သုံးသပ်ပြီးသူတို့ရဲ့နေ့ရက်တွေအသုံးပြုဖို့ ပုံစံကွက်တွေကိုရှာဖွေပါတယ်။ပြီးမှကျားမမရွေး၊လစာအနည်းအများမသက်ဆိုင်ဘဲစာဖတ်သူအားလုံးအတွက်လက်တွေ့သင်ခန်းစာတွေထဲကိုအဲဒီပုံစံကွက်တွေထဲ ရောစပ်ထည့်သွင်းထားပါတယ်။
Parade မဂ္ဂဇင်းရဲ့အယ်ဒီတာဟောင်း Janice ဟာသူ့ရဲ့အိမ်ထောင်ရေးကအစသူ့ရဲ့အလုပ်နဲ့ သူ့ရဲ့ကျန်းမာရေးအထိသူမဘဝရဲ့ကဏ္ဍအားလုံးမှာ ကျေးဇူးဆပ်ဖို့ တစ်နှစ်လုံးကြိုးစားခဲ့ပါတယ်။ ကျေးဇူးဆပ်စရာကိစ္စတွေမိမိမှာရှိကြောင်းသတိပြုမိတဲ့ Janice ကဒီစာအုပ်ထဲမှာ ကျေးဇူးသိတတ်ရုံမျှဖြင့်သူဟာပိုစိတ်ချမ်းသာတဲ့လူတစ်ဦးဘယ်လိုဖြစ်လာသလဲဆိုတာခပ်သွက်သွက်ကလေး ရေးထားပါတယ်။
နမူနာတစ်ခုပြရမယ်ဆိုရင်တစ်ခါက Janice ရဲ့ခင်ပွန်းဖြစ်သူဆရာဝန်ဟာညသန်းခေါင်ကျော်မှာလူနာတစ်ဦးကို ပြေးကြည့်လို့ သူကဘဝင်မကျဘဲဒါကိုစိတ်ဆိုးမိပေမယ့် ကျေးဇူးတင်စရာအကြောင်းရင်းကို တွေ့အောင်ရှာခဲ့တယ်။ ''ရှင့်လူနာအတွက်ရှင်ရှိနေတာသူကံကောင်းတယ်နော်။ရှင်လာနေမှန်းသူသိတော့သူ့ရောဂါတစ်ဝက်သက်သာသွားမှာပဲ။ရှင့်လိုဆရာဝန်တွေကမ္ဘာပေါ်မှာအများကြီးထပ်လိုအပ်သေးတယ်။ရှင်ဟာအခုလိုသီးသန့်ဖြစ်တဲ့အတွက်ရှင့်ကိုကျွန်မကျေးဇူးတင်ပါတယ်'' လို့ Janice ကခင်ပွန်းကို ပြောခဲ့ပါတယ်။
Shonda ဟာဒီစာအုပ်ထဲမှာတစ်နှစ်ပတ်လုံးဘာမဆို 'ဟုတ်ကဲ့' (Yes) လို့ချည်းသူပြောခဲ့ပုံတွေကို ရေးပြထားပါတယ်။စိတ်မချမ်းသာ၊ကျန်းမာရေးမကောင်း၊အလုပ်တွေပိပြီးဘဝကိုအပြည့်အဝမနေရမှန်းရိပ်မိတဲ့အခါသူဘွဲ့ယူခဲ့တဲ့ဒတ်မောက်ကောလိပ်ကျောင်းမှာနှုတ်ခွန်းဆက်မိန့်ခွန်းပြောကြားခြင်း၊ကိုယ်အလေးချိန် ပေါင်တစ်ရာခန့်လျှော့ချခြင်း၊သူ့သမီးတွေနဲ့ကစားဖို့ အချိန်ဖဲ့ပေးခြင်းအပါအဝင်စွန့်စားခန်းမျိုးစုံလုပ်ဆောင်ကာလက်တွေ့စမ်းသပ်ခဲ့ပါတယ်။သင်ဟာ Shonda လုပ်တာမျိုးဆင်တူလုပ်ကြည့်ဖို့ ကျော်ကြားမှု၊ဒါမှမဟုတ် ငွေကြေးမလိုအပ်ပါဘူး။သင့်ဘဝကိုပိုကောင်းအောင် ပြောင်းလဲပေးနိုင်မယ့်ယုံကြည်မှုပဲလိုအပ်တယ်လို့ ဒီစာအုပ်ကလမ်းပြထားပါတယ်။
၁၉၄၈ခုနှစ်ကထုတ်ခဲ့တဲ့ဒီစာအုပ်ဟာ Dale ရဲ့၁၉၃၆ခုနှစ်ကအရောင်းရဆုံးစာအုပ် How To Win Friends and Influence People ရဲ့အဆက်ဖြစ်ပါတယ်။ Dale ဟာနယူးယောက်မြို့က YMCA မှာသက်ကြီးပညာသင်ကြားရေးသင်တန်းပေးခဲ့စဉ်ကအတွေ့အကြုံတွေကိုမှီငြမ်းပြီးစိုးရိမ်သောကစိတ်ကိုအနိုင်ယူဖို့ သူတို့သုံးတဲ့အကြံဉာဏ်တွေကိုစုစည်းတင်ပြထားပါတယ်။အဲဒီအကြံဉာဏ်တွေဟာအခုထိမရိုးနိုင်သေးပါဘူး။ဥပမာ- ကိုယ့်သူဌေးဆီမချဉ်းကပ်ခင်အလုပ်ပြဿနာအပေါ်စိတ်ညစ်မနေဘဲအဖြေဖြစ်နိုင်တာတွေကိုစဉ်းစားရမယ်တဲ့။သင်ရရှိတဲ့အဖြေကြောင့်သင့်အလုပ်ရှင်ဆီသွားစရာလိုချင်မှလိုမှာပါ။ နောက်ပြီးသင်ဟာစိုးရိမ်ပူပင်မှုတွေရပ်စဲပြီး ရှေ့ကိုချီတက်သင့်တယ်။
ဒီစာအုပ်ဟာစာရေးဆရာ Shahar ကဟားဗတ်တက္ကသိုလ်မှာသင်ကြားတဲ့အပြုသဘောစိတ်ပညာသင်ရိုးပေါ်အခြေခံထားတာ ဖြစ်တယ်။သူကသုတေသနပြုချက်တွေ၊သူ့ဘဝထဲမှအဖြစ်အပျက်တွေနဲ့ သူ့ရဲ့ဒဿနကျကျဉာဏ်အမြော်အမြင်တို့ကိုပေါင်းစပ်ပြီးစာဖတ်သူရဲ့နိစ္စဓူဝဘ၀မှာစိတ်ချမ်းသာမှုမွေးမြူနည်းကိုဒီစာအုပ်ထဲမှာတင်ပြထားပါတယ်။အလွယ်တကူနားလည်နိုင်တဲ့စိတ်ချမ်းသာမှုနမူနာပုံစံကိုသူကကမ်းလှမ်းထားတယ်။သင့်ဘဝမှာပစ္စုပ္ပန်ရောအနာဂတ်ပါစိတ်ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲရှင်းပြတယ်။သူပေးတဲ့အကြံဉာဏ်တွေကလက်တွေ့ဆန်တယ်။ဥပမာ - သင်မုန်းတဲ့အလုပ်ဟာသင့်အတွက်တစ်ခုတည်းသောဝင်ငွေရလမ်းဖြစ်ရင်အလုပ်မထွက်ဘဲ လေ့ကျင့်ခန်းလုပ်ခြင်း၊ဒါမှမဟုတ်သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခြင်းတို့လိုအတွေ့အကြုံသေးသေးလေးတွေရှာပြီးလက်ရှိဘဝကိုပိုပြီးနေပျော်အောင်လုပ်ဖို့သူကအကြံပေးပါတယ်။
စိတ်ပညာရှင်/အိပ်စက်နည်းကျွမ်းကျင်သူ Michael Breus က Chronotypes သိပ္ပံပညာကိုလက်တွေ့ကျပြီးနားလည်လွယ်တဲ့ဘာသာစကားအဖြစ် ပြောင်းပေးတယ်။သင်ဟာမနက်ပိုင်းလူသားလား။ညပိုင်းလူသားလား။အဲဒီနှစ်မျိုးကြားကလူလား။အဲဒီဟာတစ်ခုခုဖြစ်နိုင်ခြေဟာသင့်ရဲ့ Chronotypes ဖြစ်တယ်။သင်ပင်ပန်းနေတဲ့အခါ၊သင်ဗိုက်ဆာနေတဲ့အခါ၊သင့်ရဲ့အကောင်းဆုံးအလုပ်ကိုလုပ်နေတဲ့အခါအဲဒါကသက်ရောက်မှုဖြစ်တယ်။
Michael ကတိရစ္ဆာန်လေးမျိုးနဲ့ Chronotypes တွေကိုခွဲခြားပြတယ်။လူအများစုဟာ နေဝင်နေထွက်ချိန်ကိုသာလိုက်မှတ်တဲ့ဝက်ဝံတွေ၊တခြားလူတွေကအိပ်မပျော်ရောဂါသည်အဖြစ်မကြာခဏစစ်ဆေးတွေ့ရှိရတဲ့လင်းပိုင်တွေ၊ကျန်တာကဝံပုလွေတွေခေါ်ညလူသားတွေ၊ပြီးတော့ ခြင်္သေ့တွေဒါမှမဟုတ်မနက်လူသားတွေဖြစ်ကြတယ်။ဒီတိရစ္ဆာန်လေးမျိုးအတွက်စံပြနေ့စဉ်အချိန်ဇယားတွေကို Michael ကချပြပြီးယင်းတို့ စွမ်းအားပိုဖြည့်တင်းသလို အောက်မေ့ရအောင်သူတို့ရဲ့နိစ္စဓူဝလုပ်ရိုးလုပ်စဉ်တွေကိုသင့်တင့်လျောက်ပတ်စွာပြောင်းလဲဖို့ စာဖတ်သူတွေကိုလမ်းညွှန်ထားပါတယ်။
ဟိဏ်းကိုကို